အေးခဲစ လရောင်တွေပါ
ပြတင်းပေါက်ပေါ် တြိဂံလာဖြစ်
အတိတ်ကို ဖွင့်ဖတ်ဖြစ်တဲ့ ပြက္ခဒိန်မှာ
နူးညံ့စိမ်းအိတဲ့ ပန်းပွင့်နေ့ကို
အထင်သား ပြန်တွေ့ရတယ်……။ ။
အားပေးဖော်လေးရယ်……
မြို့ဆန်လာတဲ့ ကျေးလက်တွေကို
ထွက်ခွာသွားပြန်ပြီးပေါ့ကွယ်.....
တစ်သက်လုံး ဝေးကြတော့မယ့်
ခဏတာအတွင်းမှာ...
စိုတဲ့လက် မခြောက်ခင်အခိုက်
ထာဝရ ရင်ခုန်ရအောင်………။
အလင်းပြည့်ပြည့်ထဲမှာ ဝင်ပုန်း
နှလုံးသားရဲ့ အမှောင်တောတန်းတစ်လျှောက်
အနမ်းခြေရာ ကောက်ကြရင်း
နှုတ်ခမ်းနီပန်းခင်းလေးမှာ ကျက်စားတဲ့
ရယ်သံဖွဲ့ လိပ်ပြာတစ်ကောင်
အလွမ်းရိပ်ထောင်ခြောက်မှာ မမိခင်
လမင်းရဲ့ ဥယျာဉ်ထဲ
လျှောက်လှည့်ကြည့်ရအောင်ပေါ့……။ ။
ခင်းသန့်စင်ကြယ် အိပ်မက်တစ်ခု
အခုတစ်လော့မှာ မက်ခဲ့သူ
မိမိသာ စံပယ်ဆိုတဲ့
အတ္တဆန် ပန်းပွင့်လေးရေ
ငါ့ကတော့…ကြေကွဲလို့ မဆုံးတမ်း
အလွမ်းသမား တစ်ယောက်ဖြစ်ခဲ့လို့
ဘဝကို မညာချင်ပါဘူး……။ ။
နိမိတ်တွေ မကောင်းဘူး…
အိပ်မက်မုန်းတိုင်း တဟူးဟူးတိုက်ခတ်
ထိန်းမတ်ကြိုးစားခဲ့ရတဲ့ ငါ့ဟာ
နေရောင်လည်း မနွေးအိ
လရောင်လည်း မဖွေးအိ
ကိုယ့်ပေါ်ကို တအိအိကျလာတဲ့
ရေမြေခြားနားသူရဲ့ မျက်နှာပေါ်က
အပြုံးယောင်ဆောင်ထားတဲ့
နေ့ရက်များကို မေ့မောအလွမ်းနဲ့ပဲ
နှလုံးသွေးတို့ ပွင့်ခဲ့ပေါ့………။ ။
0 Comment:
Post a Comment