၁။နင့် မျက်နှာ
နင့်မျက်နှာကို လှတယ်လို့ ပြောရအောင် မမှန်လှချေဘူး။
လှတာကလူ မျက်နှာတွေ့ရဲ့ ကိစ္စ ဖြစ်တယ်။
နင့် အလှက လူ သဘာဝကို ကျော်လွန်တယ်။
သဘာဝတရားက လူကို ဒီလို အလှ ပေးထားပုံ တိုင်းတာချိန်ဆဖို့ ခက်တယ်။
ငါ သိပါရဲ့ သဘာဝလောကမှာ နင့်နဲ့ ယှဉ်စရာ ရှိမှာမရှိဘဲကို။
ဘယ် ပဒုမ္မာ ကြာပွင့် နင့် နှုတ်ခမ်းကို ယှဉ်နိုင်မလဲ။
နင့် အသားအရေနဲ့ ယှဉ်တုနိုင်တဲ့ ကျောက်စိမ်းဖြူ ဘယ်မှာလဲ။
နင့် အကြည့်နဲ့တူတဲ့ ၀သန္တာ ရေကန် လှိုင်းတွန့်လေး တွေကို မြင်ဖူးကြလို့လား။
နင့် အပြုံးရဲ့ ရံနံ့နဲ့ တူတဲ့ မနက် အလင်းကို ကြားဖူးကြလို့လား။
ကောင်းကင်ဘုံရဲ့ ဂီတဟာ နင့် တေးသံရဲ့ ပဲ့တင်သံ၊
တင့်တင့်တယ်တယ် ကြယ်တွေ နင့် မျက်လုံးအစုံ အသွင်တွေ။
ငါ နင့် အရိပ်။
နင့် အရိပ်ပဲ နင့်နဲ့ လိုက်ဖက်တယ်။
နင့် မျက်နှာကို လှတယ်လို့ ပြောရမှာ မမှန်လှချေဘူး။
၂။.......မိုးမခ စိုက်ခြင်း
ဥယျာဉ်ထဲမှာ ငါ မိုးမခပင် စိုက်တယ်
ငါ ချစ်သူ မြင်း ချည်ဖို့။
ဒါပေမဲ့ သူ တစ်ကိုင်း ချိုးပြီး ကြာပွတ်လုပ်
မြင်းကို ဒုန်းစိုင်းနှင်ပေါ့။
ငါ အကိုင်းတိုင်းကို ကြာပွတ်လုပ်
သူနောက် ငါမြင်းကိုနှင်နိုင်သား။
ဒါပေမဲ့ မိုးမခရဲ့ အသင်္ချေ ကိုင်းတွေက
ငါ ခါးသီးမှုကို ချည်းထားခဲ့။
၃။......ဆူးချုံထဲက နတ်ဘုံ
ဝသန္တ လေလှပေရဲ့။
ငါက သေပြီ မှတ်နေတဲ့ ဆီးပင် ကိုင်းကနေ စီးဆင်လာတာ၊
ပုတီးစေ့လို အဖူးတွေကို အရည်ပျော် နှင်းဖတ်က အဟာရဖြည့်တင်းသကိုး။
ကောင်းကင် အခြားအကွက်မှာ၊ ပန်းအားလုံးဆီ သေခြင်းတရား ဆောင်ကြဉ်းတဲ့ နှင်းဖတ်အပုတ်ကနေ မသိတဲ့
မွှေးရနံ့ စီးဆင်းလာတာ နင် သိလား။
မြက် တစ်စက ခြောက်ပေ ရွှေရုပ်ပွားတော် ဖြစ်လာတယ်၊
ခြောက်ပေ ရွှေရုပ်ပွားတော်က မြက်တစ်စ ဖြစ်လာတယ်။
လောက တစ်ခုလုံး အသိုက်တစ်သိုက်၊အရာ အားလုံးက ငှက်ကလေး။
ဘ၀ကို သဘာဝလောက ကြေးမုံထဲ ထင်ဟပ်ထားတာ ငါမြင်တယ်။
ဒုက္ခဆူးချုံ နောက်မှာ ပီတိ ဥယျာဉ်ကို နင်ထိန်းရစ်မှာ
ငါ ၀မ်းသားတယ်။
၎။......ဟုတ်သလား
ဟုတ်သလား။ အချစ်၊ ငါကို မလိမ်နဲ့။
နင်ကို ငါဆီက ယူသွားသူတွေက "နင်မှာ ချစ်သူ မရှိဘူးလား"လို့ မေးကြလား။
နင် လျှိုဝှက် ငို၊ သူတို့ ရှေကျ မျက်ရည်ကိုအပြုံး ဖြစ်အောင် မရအရ ပြောင်းရတာ
သေရတာထက်တောင် ခါးသီးသေးတယ်။
ဒီတော့ ငါကိုယ်ငါ ကာကွယ်ရုံကလွဲလို့ မတတ်နိုင်ဘူး။
ငါ ဘ၀ရဲ့ ပန်းတွေ အကုန်ကောက်၊ နင်လည်ပင်း အတွက် ပန်းကုံး လုပ်၊ပြီး အော်မယ်
"ဒါ ငါချစ်သူရဲ့ အချစ်" လို။
ဟုတ်သလား။ အချစ်၊ ငါကို မလိမ်နဲ့။
နင် ကို ငါဆီကယူသွားကြသူတွေက "နင်ဖို့ ချစ်သူရှာပေးမယ်" ပြောကြလား။
ဒီတော့ ငါ ကလဲ့စား ချေရုံက လွဲလို့ မတတ်နိုင်ဘူး။
ငါ သွေးပါးပါးကို ငါမျက်ရည်ပူတွေနဲ့ရော၊
သူတို့ရဲ့ သွေးဆာတဲ့ဓားကိုလောင်း၊ပြီး အော်
"ဒါ ငါချစ်သူရဲ့ အချစ်" လို့။
၅။........ချီးမွမ်းတေး
နင်ဟာ အကြိမ် တစ်ရာ မီးဆေးထားတဲ့ ရွှေပဲ၊
ပိုးစာပင် မြစ်တွေသန္တအဖြစ် ပြောင်းကုန်တဲံ့အထိ ကောင်းကင်ရဲ့ မေတ္တာထဲ နေစာလှုံပါလေ။
ငါ အချစ်၊ နင်ဟာ မနက် အလင်းရဲ့ ပထမ ရောင်ခြည်ပါ။
တရားမျှတာမှုရဲ့အလေးချိန်၊ရွှေရဲ့ ပေါ့တိုကိုနင် သိတယ်။
သူတောင်းစားတို့ ဆင်းရဲ မြေမှာ ဓန မျိုးစေ့ ကြဲပါလေ။
ငါ အချစ်၊ နင်ဟာ ပေါလိုနာပင်အိုရဲ့ တီးတိုးသံပါ။
နင်က ၀သန္တ၊လင်းနဲ့ ငြိမ်းချမ်းရေးကို ကြည်ဖြူတယ်။
အားနွဲ့သူတို့ နှလုံးသားပေါ် မျက်ရည် ဖြန့်ကြဲပါလေ။
ငါ အချစ်၊နင်ဟာ ရေခဲ ပင်လယ်ပေါ်က ဝသန္တ လေပါ။
0 Comment:
Post a Comment