Monday, September 24, 2012

အိုမာခယမ်နဲ့ဖျော်စပ်ထားတဲ့ ပေါ့ဆိ့မ်တစ်ခွက်အကြောင်း

စိတ်ကူးနဲ့ အိမ်ဆောက်တာတောင်
ကြက်သောင်းဝါးဝယ်နေရ
စိုက်လက်စ စက္ကူပန်းလေးတောင်
ရေမလောင်းဖြစ်တာကြာပြီး……။

နေ့ခင်းသာသာထဲ
လမင်းဝါဝါကို ရှာဖွေ
ကမ္ဘာကြီးဟာ ဆားမပါတဲ့ ထမင်းရည်တစ်ခွက်လား
ကျိုးကျိုးပြေပြေ အဆာပြေနေ့လေးတွေ
စိတ်ကို အဲကွန်းတပ်ထားလို့ ရရင်ကောင်းမယ်………။

ကံတရားက ဆိုင်ကယ်အိုလေးလို့
တဟွတ်ဟွတ်ချောင်းဆိုလို့
ရှင်သန်ခြင်းက စက်ဘီးစုတ်လေးလို့
တဂျောက်ဂျောက်နဲ့ အာခေါင်ခြစ်လို့
မိသားစုဆိုတာ အရေးပေါ် ထုတ်ဝေလိုက်တဲ့ ဝတ္တု
တစ်သက်လုံး စုဗူးကလေး ဖောက်လိုက်ရပြီး………။

လေဟာနယ်ထဲ……
မင်ရည်ကျဲကျဲ မနက်ဖြန်တွေ
သံသရာက သရေကွင်းလို့
ဆွဲလိုက်တိုင်း ကျယ်လာ
ပြတ်ထွက်သွားတဲ့ ဖိနပ်လေးပေါ်
လွင့်ကျလာတဲ့ သစ်ရွှက်ကလေးတင်လို့
လောက………
လမ်းမဟုတ်တဲ့ လမ်းတွေနဲ့
စကားပြောရဦးမယ်………။

သက်တံ့လို ပြယ်လွင့်လို့
လျှပ်စစ်လို ပြတ်တောက်လို့
တိမ်လို ထူထပ်လို့
နွံလို နစ်မြုပ်လို့
အိုဇုန်းလို ဇစ်ပွင့်လို့
ဖုန်းကြိုးလို လိုင်းကျလို့
ခွေးအလို အနံ့ခံလို့
ရေမြောင်းလို ပိတ်ဆို့လို့
ဘဝဆိုတာ………
နီရိုးဘုရင်ရဲ့ တယော တစ်လက်လား
မှော်ဆန်ဆန် ကဗျာတစ်ပုဒ်လား
ဆိုကရေတီးရဲ့ အဆိပ်တစ်ခွက်လား…။

ရောင်းရန်ရှိသည် ဆိုတဲ့
ဆိုင်းဘုတ်ကလေးရဲ့ ခက်ဆစ်
ရောင်းရန်မဟုတ် ဆိုတဲ့
ပန်းချီကားကလေးရဲ့ အဓိပ္ပါယ်
ရင်ဘတ်ထဲမှာ
ဗလာအရောင်တွေ များလာတယ်
မိသာစုဟာ ဗလာအရောင်
အိပ်မက်ကွဲသံတွေ
စိတ်ကူးဟွန်းဇုံတွေ

မေမေရဲ့ စံပယ်ရုံပုံပြင်တွေကို
ဘယ်လို ရုံတင်ပြရမလဲ
နေရောင်တွေကို ကျော့မှာစိုက်တာတောင်
ဘာအပင်မှာ မပေါက်ဘူး…။

မြို့ကြီးထဲ…မိုးရေစိုဝါကျတွေ
အန္တာရယ်ကို ဝတ်ဆင်လို့
အန္တာရယ်ကို လျှော်ဖွပ်လို့
လောကဓံ အစွယ်ကြီးကြီး အမြီးရှည်ရှည်
ဟေ့……ခေတ်……
မိတ်ဖြစ်ဆွေဖြစ် တခွက်လောက်…။

ပေးဆပ်မှုက ၁၀ %
ရယူမှုက  ၉၀%
တနေ့လုံး မျှားထားသမျှ
ငါးတွေလည်း ပုပ်ကုန်ပြီ
လူတွေက ကန္တရထဲ မီးမွှေးလို့
ပင်လယ်ထဲ မိုးရွာလို့
အနုပညာကို စိုက်ဖို့
မြေလပ်ရှာရတာ မောတယ်……။

ခေါင်းစဉ်ကို ချစ်လို့
တအုပ်လုံးဖတ်ဖြစ်ခဲ့တဲ့ ရိုးသားမှု
အဟောင်းဆိုင်လေးထဲက
ဂျင်းဘောင်းဘီလေး တစ်ထည်ဟာ လှရဲ့
အောင်မြင်မှုဆိုတဲ့ ကောင်က
အိပ်မက်ထဲမှာတောင်
သဘောမကောင်းဘူး……။

ချွေးထွက်လွန် အသက်ရှုခန်းတွေ
နေလောင်တံဆိပ်နဲ့ ဦးထုပ်တွေ
ရေလိုဝယ်သောက်ရတဲ့ ဒုက္ခတွေ
ငွေလိုတန်ဖိုးရှိတဲ့ ရောဂါတွေ
မိုးဦးလေသံတွေ ကြားတိုင်း
မိုးလုံလေလုံတွေ အားကျတယ်……။

လောက သဘာဝအရ…
''နိဗ္ဗာန်ဘုံပျောက်ဆုံးခြင်း" ကဗျာနဲ့ပတ်သက်ပြီး
ကဗျာဆရာကြီး မိလ်တနာနဲ့
လက်ဖက်ရည်အတူသောက်ချင်ပါတယ်…။

တရား သဘောအရ…
"ငွေကလွဲပြီး ဘာမှာမရှိတဲ့ သတ္တဝါကို
သူဌေးလို့ ခေါ်တဲ့" ဆိုတဲ့
အမေရိကန်သူဌေးကြီး ရော့ကားဖဲလားနဲ့
စကားလက်ဆုံ ကျချင်ပါတယ်…။

ဖြစ်ချင်တာက ……
ကိုယ့်စိတ်ကျန်းမားရေးအတွက်
စိုက်ချင်တဲ့ပန်းတစ်ခင်း
ဖြစ်နေတာက……
ကိုယ့်ကျန်းမားရေးအတွက်
ခုတ်လှဲနေရတဲ့ သစ်တတော
တောအကြောင်းပြောရင်း တောမှောက်ခဲ့
တောင်အကြောင်းပြောရင်း တောင်ပျောက်ခဲ့

တစုံတရာကို လျှော်ဖွတ်ရင်း
တစုံတရာကို စွန်းထင်းခဲ့

တစုံတရာကို ကူးခတ်ရင်း
တစုံတရာကို နစ်မြုပ်ခဲ့………။

ပန်းပွင့်က နည်းနည်း
ဓါးသွားက များများ
ကြားလား……
ဘူတာကို လှမ်းခေါ်နေတဲ့ အသံတွေ
ကြားလား……
ကောက်ရိုးတမျှင်ကို လုဆွဲနေတဲ့ တုန်ခါမှုတွေ……

ဘယ်သူဈေးဆစ်လို့ ကျွမ်းသလဲ
ရောင်းရန်ရှိသည် သေနည်းမျိုးစုံ…။

ခေါင်းစဉ်က ကြီးကြီး
အကြောင်းအရာက သေးသေး
ခံစားမှုက နည်းနည်း
နည်းပညာက များများ……
စကားသံတွေက ကျယ်ကျယ်
လေဝှေသံက တိုးတိုး……

ဘယ်သူ ငြင်းဆန်းနိုင်သလဲ…
သေဖို့ရန် ရှိသည်………။

0 Comment:

Post a Comment

 
;